နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ပါတော့မယ်။ Tag ကြွေးလည်း မကျေသေးပါဘူး
။ (အကြွေးကို အရင် အမှတ်ရရတယ်။) တစ်နှစ်ကုန်တော့မယ်ဆိုတော့ လျှောက်လာခဲ့တဲ့လမ်းဟောင်းကို ပြန်ကြည့်တော့လည်း ဖြစ်ချင်တာတွေလည်း မဖြစ်လာပါဘူး မဖြစ်ချင်တာတွေလည်း ဖြစ်မလာပါဘူး။ သေချာစဉ်းစားကြည့်တော့လည်း ဖြစ်ချင်တာတွေထဲမှာ နည်းနည်းပါးပါးဖြစ်လာတာ ရှိနိုင်ပါလိမ့်မယ်။ ဥပမာ.. အလိုချင်ဆုံးပစ္စည်းတစ်ခုကို ဝယ်နိုင်သွားတာမျိုးပေါ့။ မဖြစ်ချင်တာတွေ ဖြစ်မလာတာတော့ တော်တော်ကံကောင်းပါတယ်။ လေရှည်နေပါပြီ။ ထားပါ။ Tag ကြွေးတွေ မဆပ်ခင်မှာ ပို့စ်တစ်ပုဒ်ရေးချင်စိတ် အရမ်းကို ပြင်းထန်နေပါတယ်။ ဘာအကြောင်းလည်းဆိုတော့…………
ခု ဝေလေး စာတွေရေးပါတယ်။ ဘလော့ (BLOG) ဆိုတာလုပ်ပါတယ်။ ဘာအတွက်လုပ်တာလဲ။ ဘာကြောင့်လုပ်တာလဲ။ အဓိက အကြောင်းအချက်က စာရေးချင်နေတာပါ။ ဒါများ ဘာဆန်းလို့လဲ။ ဘလော့လုပ်တဲ့လူတိုင်း စာရေးချင်လို့လုပ်ကြတာချည်းပဲလို့ ပြောကြပါလိမ့်မယ်။ ဟုတ်ကဲ့ မဆန်းပါဘူး။ ဆန်းတာက ဝေလေးပါ။ စာရေးချင်တယ် စာရေးချင်တယ်လို့သာ အော်နေတာ တစ်ကယ်ရော စာရေးဖြစ်ရဲ့လား။ စာရေးဖြစ်တယ်ပဲ ထားပါဦး။ ရေးတဲ့စာတွေကရော ဘယ်လောက်များ အနှစ်သာရရှိနေလဲ။ ဘယ်လောက်များ ရသမြောက်နေလဲ။ ဘယ်လောက်များ ဆွဲဆောင်နိုင်စွမ်းအားရှိနေလဲ။ မေးခွန်းတွေ ကိုယ်ကိုယ်တိုင်ကို ပြန်မေးကြည့်နေမိပါတယ်။ ဒါကြောင့်လဲ ဒီရက်ပိုင်းမှာ ဘာပို့စ်မှ မတင်ဖြစ်တာပါ။ (အပျင်းထူနေတာလည်း တစ်ကြောင်းပေါ့လေ။
)
ဒီလို မေးမိပြီးတဲ့နောက်မှာ ထွက်လာတဲ့အဖြေတွေကို အတွင်းစိတ်က တစ်ခါပြန်ပြီး ငြင်းပါတယ်။ ဟုတ်ပြီ။ အနှစ်သာရမရှိဘူး ဆွဲဆောင်မှု မရှိဘူး။ ရသ မမြောက်ဘူးပဲ ထားပါတော့။ နင်က စာရေးချင်တဲ့လူ။ စာရေးသူ မဟုတ်ဘူး။ တနည်းအားဖြင့် စာရေးဆရာ မဟုတ်သေးဘူးလို့ ပြန်ချေပပါတယ်။ ဒီလို တွေးရင်းတွေးရင်းနဲ့ လုံးချာလိုက်နေလိုက်တာ စာရေးချင်တဲ့စိတ်တောင် ပျောက်သွားပါတယ်။ (ကိုယ့်စိတ်နဲ့ကိုယ် ရန်ဖြစ်နေတာပါ။
) ဒီလိုနဲ့ပဲ…….. နောက်ဆုံးတော့ စာကို ရေးဖြစ်အောင်ရေးမယ်ဆိုတာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဒါကလည်း အကြောင်းတော့ရှိပါတယ်။ စာမရေးဖြစ်တဲ့အချိန်အတွင်းမှာ စာအုပ် နည်းနည်းဖတ်ဖြစ်ပါတယ်။ နည်းနည်းဆိုမှ နည်းနည်းပါ။ ဆရာ ချစ်နိုင်(စိတ်ပညာ) ရေးတဲ့ စာရေးနည်းအကြံပေးချက် ဆိုတဲ့ ဆောင်းပါးကို ဖတ်မိသွားပါတယ်။ စာများများရေးပါလို့ ဆိုထားပါတယ်။ ဝေလေးက စာရေးဆရာ ဖြစ်ချင်တာ မဟုတ်ပါဘူး။ စာရေးချင်တာပါ။ ဒီအတွက် ခုနက ကိုယ့်ကိုကိုယ် မေးနေရတဲ့ မေးခွန်းတွေက အရေးမကြီးသေးဘူးလို့ ထင်ပါတယ်။ ဒါကြောင့်လဲ ဘာစာဖြစ်ဖြစ် ဘာပုံဖြစ်ဖြစ် ရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါကြောင့် ဝေလေး စာတွေဆက်ရေးပါတော့မယ်။ ဝတ္ထုတိုလေးတွေလည်း ဖြစ်နိုင်သလို အရည်မရ အဖတ်မရ စိတ်ထဲရှိသမျှ ပေါက်ကရတွေလည်း ပါနိုင်ပါတယ်။ တစ်ကယ်တော့ စာရေးချင်စိတ်ရှိတယ်သာပြောတာ။ အနုပညာအကြောင်းနဲ့ပက်သတ်ပြီး မိဝေလေး ဘာဘာ ဘာမှ မသိပါဘူး။ အရောင်တွေတောင်မှ ဘယ်အရောင်နဲ့ ဘယ်အရောင်တွဲရင် လှမယ် ဆိုတာ မသိပါဘူး။ အဖေကပြောပါတယ် အနုပညာမျက်စိမရှိဘဲနဲ့ ဘယ်လိုလုပ်ပြီးဖြစ်ချင်တာဖြစ်မလဲတဲ့။ ဖြစ်ချင်တာဆိုတာ ဆယ်တန်းတုန်းကတော့ Architect ပါ။ အိမ်ဒီဇိုင်းလှလှလေးတွေမြင်ရင် သိပ်သဘောကျပါတယ်။ ကိုယ်တိုင်လည်း အဲဒီလို ဆွဲချင်ပါတယ်။ အဖေကတော့ အားပေးရှာပါတယ်။ အပေါ်မှာရေးထားတဲ့အတိုင်းပါပဲ။
။ ခု နောက်ပိုင်းလည်း ဒီလိုပါပဲ။ ဓာတ်ပုံရိုက်ချင်တယ်။ အလင်းအမှောင်လဲမသိဘူး ကာလာ အယူအဆလည်းမသိဘူး။ ဒါပေမယ့် သူများရိုက်ထားတဲ့ ဓာတ်ပုံတွေမြင်ရင်၊ ကိုယ်က သိပ်လှတာပဲလို့ မျက်စိထဲ ယူဆမိလိုက်ရင် ဓာတ်ပုံရိုက်ချင်တဲ့ ပိုးက ထိန်းမရပါဘူး။ (ကိုယ့်မျက်စိထဲလှနေတာ သူများ မျက်စိထဲ ကန့်လန့်ဖြစ်နေတတ်တာတော့ မတတ်နိုင်ဘူးလေ.. J )။ ဒီလို ဒီလို အစွမ်းအစရှိတာပါ။ ကဗျာနဲ့ ပက်သတ်ပြီးလည်း ဒီလိုပါပဲ။ ကဗျာ သိပ်စပ်ချင်ပါတယ်။ ကျောင်းတက်တုန်းက ရေးထားတဲ့ ကဗျာတိုလေးတွေ သူငယ်ချင်းကို ပေးဖတ်မိတော့ ကောင်းတယ်လို့ ချီးမွမ်းခံရပါတယ်။ ကိုယ့်အကြောင်းကိုယ်အကောင်းရေးတယ်လို့ အပြစ်တင်မစောပါနဲ့။ လာပါမယ်။ သူကလည်း ကဗျာလေးတွေ ရေးထားတာရှိတယ်လို့ ပြောလာပါတယ်။ ဒါဆိုရင်တော့ ငါ့လည်းပေးဖတ်လေ ဆိုပြီး သူ့ကဗျာလေးတွေ ယူဖတ်မိပါတယ်။ ဝေလေးရေးတာနဲ့ သိပ်ကို ကွာပါတယ်။ သူ့ရဲ့ကဗျာလေးတွေ သိပ်ကိုကောင်းပါတယ်။ တစ်ကယ်ပါ။ သူ့ကဗျာလေးတွေဖတ်ပြီး ကိုယ်ရေးတဲ့ကဗျာတွေအတွက် ကိုယ့်ကိုကိုယ် ရှက်သွားပါသေးတယ်။ ဒါပေမယ့်လည်း အမှတ်ကမရှိပါဘူး အားရင်အားသလို ကဗျာအတိုအစတွေ ရေးနေမိတုန်းပါပဲ.. J ။ ကဲ.. ပြောချင်တာတွေလည်း ပြောလို့ပြီးပါပြီ။ အဓိကကတော့ စာပြန်ရေးဖြစ်ပါမယ်ဆိုတာပါ။ TAG ပို့စ်များကိုလည်း အမြန်ဆုံး ဆပ်သွားမည်ဖြစ်ပါကြောင်း…..





