မိုးသားတွေ မှောင်ရီနေသည်။ မှောင်ရီနေခြင်း…… အမှောင်ထုတစ်ခုသက်သက်လည်း မဟုတ် အလင်းရောင်လည်း မမည်။ ဘဝမှာရော ဤသို့ မှောင်ရီခြင်း အကြိမ်ပေါင်းမည်မျှ ကြုံခဲ့ဖူးပြီနည်း။ ကြုံရဦးမည်နည်း။
ခပ်သုတ်သုတ်လျှောက်လာဖြစ်သည့် ခြေလှမ်းတွေကို တုံ့ခနဲ့ရပ်လိုက်မိသည်။ ခဏတာမျှ ငေးမောနေမိခိုက်မှာပင် မိုးစက်တို့က တဖွဲဖွဲကျဆင်းလာတော့သည်။ ထိုအခါမှ သတိဝင်လာသူ တစ်ယောက်လို အပြေးကလေး ဆက်လျှောက်လိုက်ရလေသည်။
************
(၁)
“နင် သိလား။ ငါလေ… အနီရောင်ကို သိပ်မုန်းတာပဲ။ အနီရောင်နဲ့ပက်သတ်တဲ့ အရာမှန်သမျှ ငါမုန်းတယ်။ ”
“ဟာ နင်ကလည်း အရောင်တွေက သူ့နေရာနဲ့သူ လှနေတာပဲ။ သူ့ဘာသာသူနေတဲ့ အရောင်တွေကို မုန်းရအောင် နင့်မှာ ဘာအကြောင်းပြချက်များ ရှိလို့လဲ။ ”
“အဲဒါတွေ ငါမသိဘူး။ အနီရောင်ကို ငါ မုန်းတယ်။ နင် ဘယ်တော့မှ အဲဒီအရောင် မသုံးနဲ့”
“အေး ဒါဖြင့် နင့်ကိုယ်ထဲမှာ စီးနေတဲ့ သွေးတွေကရော ဘာအရောင်လဲ။ သေချာလည်း စဉ်းစားဦး။ နင်မုန်းတယ်ဆိုရင်တောင် နင့်ကိုယ်ထဲကသွေးတွေကို နင်ဘာလို့မုန်းရမှာလဲ”
“ငါမြင်ရတာမှမဟုတ်တာ။ ပြီးတော့ ငါပြောတာက ငါ့ကိုယ်ထဲက သွေးတွေကိုပြောနေတာမဟုတ်ဘူး။ အဝတ်အစား လူ့အသုံးအဆောင်ပစ္စည်းတွေမှာ ပါတတ်တဲ့ အရောင်တွေကို ပြောနေတာ။ ဘာပဲဖြစ်ဖြစ်ဟာ။ နင် အဲဒီအရောင်နဲ့ ပစ္စည်းတွေ ဘယ်တော့မှ မသုံးနဲ့။ ”
သူမသည် ထိုသို့ ဇွတ်တရွတ်နိုင်သော သူငယ်ချင်းလေးတစ်ယောက်သာ ဖြစ်သည်။ သူမ စိတ်မထင်လျှင် မထင်သလို ဇွတ်လုပ်တတ်သောကြောင့် ကြားထဲက ကျွန်တော် ဒုက္ခရောက်ရပေါင်းလည်း များလှပြီ။ သို့ပေမယ့်လည်း ကျွန်တော် သူမကို ပစ်ပယ်မထားနိုင်။
“ဘာလို့လဲ ဆိုတဲ့မေးခွန်းကို လူတိုင်းလိုလိုမေးဖူးတယ်နော်။ ဘာလို့လဲ”
“ဟင် နင့်ဟာကလည်း။ ခုလည်း နင် ငါ့ကို ဘာလို့လဲလို့မေးနေတာပဲလေ။ အဲဒါ ဘာလို့လဲ နင့်ဘာသာပြန်စဉ်းစား။”
“ဟာ.. ငါမစဉ်းစားချင်လို့ နင့်ကိုမေးတာပေါ့ နင်က ဘာလို့ ငါ့ပြန်စဉ်းစားခိုင်းနေတာလဲ…”
ထိုသူငယ်ချင်းလေးသည် ထိုသို့ အကြောင်းမရှိ အကြောင်းရှာ ရစ်တတ်သောသူတစ်ယောက်လည်း ဖြစ်ပြန်သည်။ ကပ်သီးကပ်သပ်မေးခွန်းတွေကို ပေါက်ပေါက်ရှာရှာတွေးကာ မေးမြန်းတတ်သော သူမ စိတ်ကျေနပ်အောင် ဖြေပေးဖို့က ကျွန်တော့် တာဝန်သာဖြစ်သည်။
(၂)
“နိုင်”
“ဟေ..”
“ဟိုမှာကြည့်စမ်း…”
“ဘာလဲ… ”
“ဟိုမှာ တွေ့လား။ ကောင်မလေးလေ။ ချောလိုက်တာမှ မှုန်လို့… နင် မကြိုက်ဘူးလား။ ငါသွားပြောပေးမယ်လေ။ နင်ကြိုက်လိုက်ပါဟယ်နော်။ တော်တော်လှတယ်ဟ။ ချစ်စရာလေး။ ”
“ဟာ… ငါက ဘာလို့ ကြိုက်ရမှာလဲ။ အေးဆေးနေပါဟာ။ ရည်းစားကြီး ငုတ်တုတ်ဖြစ်နေလို့ ငါ့မှာ နေရင်းထိုင်ရင်း ပြဿနာတက်နေဦးမယ်။ ”
“နင်ကလည်း စစ်မရောက်ခင် မြှားကုန်နေပြန်ပြီ။ ”
“တော်……တော်…. မယ်မင်းကြီးမ… ငါ့ကို ပြဿနာတွင်းထဲ ဆွဲမထည့်ပါနဲ့။ ဒီကိစ္စ ရပ်တန်းက ရပ်တော့။”
“နင်ကလေ အားကိုမကိုးရဘူး။ ငါ အဲကောင်မလေးနဲ့ သူငယ်ချင်းဖြစ်ချင်လို့။ နင့်ရည်းစားဆို ငါတို့ သူငယ်ချင်းလုပ်လို့ရပြီ။ ဘယ်လောက်ကောင်းမလဲ။ နင်လည်း ရည်းစားချောချောလေးရ။ ငါလည်း သူငယ်ချင်းချောချောလေးရ။ ခုတော့ နင့်လို ရုပ်ဆိုးဆိုးကြီး…….”
“ဘာ….. ဘာပြောတယ်… ”
သူမ အလိုမကျသော အခါများတွင် ကျွန်တော့်အား ထိုသို့ အနိုင်နှင့်ပိုင်းကာ ပြောပြီး ထွက်ပြေးတတ်သည်။ သံယောဇဉ်သည် ကြိုးတစ်ချောင်းဖြစ်သည်ဆိုကြပါစို့။ ကျွန်တော်တို့ နှစ်ယောက်၏ကြားတွင် အဖြူရောင် သံယောဇဉ်ကြိုးတစ်ချောင်းမှအပ မည်သည့်နှောင်ကြိုးမှ ရှိမနေသည်ကိုတော့ ကျွန်တော်တို့ နှစ်ယောက်သာ သိနိုင်ပေသည်။
(၃)
“နိုင်… လူ့ဘဝမှာ အရေးအကြီးဆုံးက ဘာလဲ”
“ထူးထူးဆန်းဆန်းပါလား။ နင်ရော ဘယ်လိုထင်လဲ။ ပြောကြည့်ပါဦး။”
“ငါလား….. ငါမသိဘူး။ သူများတွေ ပြောကြတယ်။ ငွေ တဲ့။ ဒါပေမယ့် အဲဒါက အမှန်မဟုတ်မှန်း ငါသိနေတယ်။ ဒါပေမယ့် ဘာက အရေးအကြီးဆုံးလဲဆိုတာ ငါ မသိဘူး။ ”
“အင်း။ ငါ့ ယူဆချက်ကို ပြောပြမယ်။ ဒါက ငါ့ယူဆချက် သက်သက်ပဲမို့လို့ နင့်ဘာသာ အမှန်လို့ ယူချင်လည်းယူ မယူချင်လည်းနေ နင့်စိတ်နဲ့နင် ဆုံးဖြတ်ပေါ့။ ငါကတော့ လူ့ဘဝ သက်တမ်းတစ်လျှောက်လုံးမှာ အရေးကြီးတာက ငါတို့ရဲ့ စိတ် လို့ပဲထင်တယ်။ ”
“ဘာလို့….. ”
“ဘာလို့လဲဆိုတော့ လူတစ်ယောက်မှာ ဦးဆောင်နေတဲ့ အရာက စိတ် ပဲ။ နင်လဲ ကြားဖူးမှာပေါ့။ စိတ်ထောင်းကိုယ်ကြေတို့ဘာတို့။ လူတစ်ယောက် တိုးတက်ဖို့ စိတ်ဓာတ်ကပဲ ဖန်တီးနိုင်သလို ဆုတ်ယုတ်သွားဖို့လဲ စိတ်ဓာတ်ကပဲ ဖန်တီးနိုင်တယ်။ စိတ်ကို တည်ငြိမ်အောင်ထားနိုင်ရင် လူတစ်ယောက်ရဲ့ ဘဝကလည်း တည်ငြိမ်လာနိုင်တယ်။ စိတ်ကို အေးချမ်းအောင်ထားနိုင်ရင် သူ့ဘဝ အေးချမ်းလာနိုင်မယ်။ ငါ ပြောနေတာက အေးချမ်းတယ်ဆိုတာမှာ နင်တို့ ငါတို့ အပေါ်ယံမြင်နေရသလို စည်းစိမ်ချမ်းသာကြီးတွေ တိုက်တွေကားတွေနဲ့ နေနေရလို့ အေးချမ်းတာ ချမ်းသာလာတာမျိုးမဟုတ်ဘဲ သူ့စိတ်နဲ့သူ ငြိမ်းအေးနေတာမျိုး။ ”
“အင်း”
“လူတစ်ယောက်ရဲ့ လုပ်ရပ်တိုင်းက စိတ်ပေါ်မူတည်ပြီးမှ ဖြစ်လာတာကြီးပဲ။ ဒီတော့ လူ့ဘဝမှာ အရေးအကြီးဆုံးက စိတ်ကို ကိုယ်လိုသလို ဖန်တီးနိုင်ဖို့ပဲ။သိပ်တော့မလွယ်ဘူးပေါ့ဟာ။ ဒါပေမယ့်လည်း အတတ်နိုင်ဆုံး ထိန်းနိုင်ဖို့ကတော့ ကိုယ့်တာဝန်ပေါ့။ ”
နှင်းရည်တို့ ပက်ဖြန်းထားသော စိုစွတ်သော မြက်ခင်းပြင်ပေါ်ဝယ် ကလေးငယ်တစ်ယောက်လို ပြေးလွှားဆော့ကစားတတ်သော။ ပန်းပွင့်များကို ခူးယူပြီးက မည်သည့်အခါမျှ ပန်ဆင်ခြင်းမရှိသော။ ကပ်သီးကပ်သက် မေးခွန်းများနှင့် နှိပ်စက်တတ်သော သူမသည် ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်၍ လာခဲ့သည်။
(၄)
စီစဉ်မထားသော ဖြစ်ရပ်များသည် အစီအစဉ်ကျနစွာ ဖြစ်လာတတ်ကြသည်ကို ကျွန်တော်တို့ နှစ်ယောက်စလုံး မေ့လျော့ထားကြကာ နေ့ရက်တွေကို ဖြတ်သန်းလာခဲ့ကြသည်။
“ငယ် နင် ကျောင်းပြီးရင် ဘာလုပ်မှာလဲ”
“ကျောင်းပြီးမှတော့ အလုပ်လုပ်ရမှာပေါ့။ ဘာလုပ်မှာလဲဆိုတော့ အဆင်ပြေရာပေါ့”
“ငါတော့ မာစတာ ဆက်တက်ချင်တယ်။ ”
သူ့အပြောကြောင့် သူမ တစ်ချက်တွေသွားသည်။
“နင့်မှာ ရည်မှန်းချက်ဆိုတာ ရှိတယ်နော်။ ငါကတော့ ဘာမှ မရှိဘူး။ ငါ့ စိတ်ထဲမှာ အားလုံးက ဗလာသက်သက်ပဲ။ ငါဘာလို့ ကျောင်းတက်လဲ။ ငါ ဘာလို့ စာဖတ်လဲ။ ငါ ဘာဆက်လုပ်မှာလဲ။ ငါ့မှာ ဘာမှမရှိဘူး။ ဖြစ်သင့်တာတွေ ဖြစ်ရမှာတွေအတွက် ငါကြိုးစားချင်ကြိုးစားမယ်။ ဒါပေမယ့် ငါလုပ်ချင်တာဆိုတာ ငါ့မှာ မရှိဘူး။ ငါ ဘာလုပ်ချင်လဲ။ အဲဒါက ငါ့ကိုယ်ငါ ထပ်ခါ ထပ်ခါမေးမိနေတဲ့ မေးခွန်းပဲ။ ငါက လူပိုတစ်ယောက်များ ဖြစ်နေပြီလား။ အဲဒါကိုလည်း ငါ့ကိုယ်ငါ ထပ်ခါထပ်ခါ မေးနေမိတယ်။ ငါက ဘာဖြစ်လို့ ငါ ဖြစ်နေရတာလဲ။ ”
သူမ ပြောသည်များကို နားထောင်ရင်း ရုတ်တရက်ဘာလို့ ဒီလိုဖြစ်သွားရသလဲဟူသော အတွေးကိုသာ တွေးနေမိသည်။ သူမကို နှစ်သိမ့်ဖို့ စကားစရှာမရသည်မို့ သူတို့ နှစ်ယောက်ကြား တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားသည်။
“ငါ ပြန်ဦးမယ်…”
“နေဦးလေ။ ငါ လိုက်ပို့မှာပေါ့။”
“နေပါစေ။ ငါ တစ်ယောက်တည်း နေချင်လို့ပါ။ ”
ထွက်သွားသော သူမ ကျောပြင်ကိုကြည့်ရင်း သက်ပြင်းတစ်ချက် လေးပင်စွာချလိုက်မိသည်။ လွတ်လပ်ပေါ့ပါးစွာနေတတ်သော သူမသည် ပတ်ဝန်းကျင်၏အမြင်တွင် မျက်စိစပါးမွှေးစူးစရာ ဖြစ်ခဲ့သည်မှာတော့ အမှန်ပင်။ ရုတ်တရက် ပွင့်ထွက်လာသော သူမ၏ ခံစားချက်များအတွက် ဖြေရှင်းပြစရာ စကားလုံးများ စဉ်းစားရပေဦးမည်။
**************
ခပ်သုတ်သုတ်လျှောက်လာဖြစ်သည့် ခြေလှမ်းတွေကို တုံ့ခနဲ့ရပ်လိုက်မိသည်။ ခဏတာမျှ ငေးမောနေမိခိုက်မှာပင် မိုးစက်တို့က တဖွဲဖွဲကျဆင်းလာတော့သည်။ ထိုအခါမှ သတိဝင်လာသူ တစ်ယောက်လို အပြေးကလေး ဆက်လျှောက်လိုက်ရသည်။
အရင်တစ်ခေါက် ပြန်သွားပြီးကတည်းက ရောက်မလာတော့သော သူမရှိရာသို့ သူ လိုက်သွားဖြစ်ခဲ့သည်။ အမြင်အာရုံထဲတွင်ပထမဆုံးဝင်ရောက်လာသည့် ပုံရိပ်အပေါ် မယုံနိုင်ဖြစ်နေဆဲမှာပင် တဖြည်းဖြည်း နီးကပ်လာသော ပုံရိပ်ကြောင့် သေချာသည်ထက် သေချာသွားခဲ့သည်။
“ငယ်….”
သူ့ခေါ်သံကြောင့် သူမ အိမ်သားများ သူရှိရာသို့ လှမ်းကြည့်ကြသည်။
“ဘယ်လိုဖြစ်တာလဲ” ဟူသော သူ့အမေးကို အဖြေပေးမည့်သူ တစ်ယောက်မှ ထွက်ပေါ်မလာခင်မှာပဲ သူမ အမေထံမှ ရှိုက်သံတချို့ထွက်လာခဲ့သည်။ လဲလျောင်းလျက်ရှိသော သူမ၏ ကိုယ်ခန္ဓာတွင် ထွက်သက် ဝင်သက်တို့ ကင်းရှင်းသွားခဲ့လေပြီ။
“ဝဋ်ကျွတ်သွားတာပေါ့ဗျာ။ ရုတ်တရက် နှလုံးရောဂါ ထဖောက်လာတာ။ အိမ်သားတွေလည်း ဘယ်သူမှ မသိကြဘူး။ အခန်းထဲမှာ အိပ်နေတယ်ပဲ ထင်နေကြတာ။ သွားကြည့်တော့မှ အသက်မရှိတော့မှန်းသိကြတယ်။ ”
ရှင်းလင်းပြနေကြသော စကားသံတို့ကို ကြားတစ်ချက် မကြားတစ်ချက်နှင့်သာ။ သူမ မျက်နှာလေးကို စိုက်ကြည့်နေမိရင်း “ငါက လူပိုတစ်ယောက်ဖြစ်နေပြီလား” ဟု သူမ ပြောဖူးသော စကားသံကိုသာ အထပ်ထပ်ကြားယောင်နေမိသည်။
ငယ်ရေ…… နင်က လူပိုတစ်ယောက်မဟုတ်သလို ငါကလည်း လူပိုတစ်ယောက်မဟုတ်ပါဘူး။ အဲဒီလိုပဲ လူတွေအားလုံးဟာလည်း လူပိုတွေ မဟုတ်ကြပါဘူး။ လောကကြီးထဲမှာ လူပိုတစ်ယောက်သက်သက်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ တစ်ယောက်အတွက် မလိုအပ်ပေမယ့် တခြားတစ်ယောက်အတွက်တော့ တနည်းနည်းနဲ့ လိုအပ်နေခဲ့ကြတာပဲ။ အားလုံးက သူ့တန်ဖိုးနဲ့သူ ရှိနေကြတဲ့လူတွေချည်းပဲဆိုတာ နင် သိသွားအောင် ငါ ပြောပြချင်လိုက်တာ။






October 2nd, 2009 at 9:41 am
ဇာတ်လမ်းသားသိပ်မရှိပေမယ့် အတွေးအခေါ် အယူအဆ အရေးအသားလေးတွေကို နှစ်သက်မိတယ် …
ညီမလေး လက်ရှည် တစ်နေ့တစ်ခြား တက်လာတယ် …
October 2nd, 2009 at 10:06 am
ဆရာမ သိပ်ရက်စက်တာပဲဗျာ….
October 2nd, 2009 at 1:56 pm
ညီမဝေလေးရေ စာတွေလာဖတ်သွားတယ်နော် အရေးအသားလေးကောင်းပါတယ် အဆင်ပြေပါစေညီမလေးရေ။
October 2nd, 2009 at 4:23 pm
စာလာဖတ်သွားတယ် ညီမလေးရေ. ဖတ်လို့ကောင်းတယ်။ အဆင်ပြေပါစေ.
မမမေ့နေတာ ဓါတ်ပုံလေးတွေပို့ပေးဘို့လေ. ဟိ
ပို့ပေးမယ်နော်. ခဏစောင့်း)
October 2nd, 2009 at 4:23 pm
>ကိုဖြိုးငယ် .. အစ်ကိုရေ လက်ရှည်ဆိုလို့ ရယ်မိသွားတယ်။ လက်က တစ်နေ့တခြား ရှည်လာရင်တော့ ပြသနာကြီးကြီး တက်မယ်နော်….
>ကိုရွာသားလေးဝိုင်တီယူ .. မရက်စက်တတ်ပါဘူးနော်..။ စွပ်စွပ်စွဲစွဲ..။ သူ့ဘာသာသူ ကံကုန်သွားရှာတာပါ။
>ကိုတိုးလေး .. ဟုတ်ကဲ့အစ်ကိုရေ စာလာဖတ်လို့ကျေးဇူးပါ။
October 2nd, 2009 at 6:26 pm
မမ လတ်တလောခံစားနေရတာကို နိမိတ်ပုံယူထားတာလား.. ဘာပဲပြောပြော တမီး တော်တော်ကြိုက်တယ်.. ဒါပေမဲ့ တစ်ခါတစ်လေလည်း ပျော်စရာလေးရေးပါဦးလား.. အဲ.. အဲ.. ယောင်လို့.. ကြိုက်တာရေး.. ကြိုက်တာရေး.. တော်ကြာ ဘာမှမရေးဘဲကို နေလိုက်ဦးမယ်…မီးမီးကြောက်ကြောက်…
October 4th, 2009 at 2:39 pm
မိုးတွေအုံ့လာရင် လွမ်းသလိုလိုနဲ့ .. ဟိုဟိုဒီဒီ လျှောက်တွေးမိအောင် လုပ်ပြီ.. ..
နှလုံးရောဂါရှိတဲ့သူတွေက ဟိုဟိုဒီဒီ ပိုတွေးတတ်သလား တွေးတတ်လို့ ရောဂါရကုန်တာလား မသိဘူးနော်..
ဇာတ်လမ်းက ရိုးရိုးလေးပေမယ့် ရေးထားတာ ချောညက်နေတာပဲ..
October 4th, 2009 at 2:41 pm
ညီမလေးရေ
အဆုံးသပ်လေးကောင်းတယ်
ဆန်ကုန်မြေလေး ဆိုတဲ့ လူတယောက်အပေါ်မှာချိုးချိုးနှိမ်နှိမ်ပြောတဲ့ အသုံးအနုန်းကို
သက်သေပြပြီး ဆန်ကျင့်လိုက်တာပေါ့
စိတ်ကူးကောင်းပါတယ်
October 4th, 2009 at 10:27 pm
တစ်ခါတစ်ခါမှာ ကျွန်တော်လည်း ငါဆိုတာ ဘာလဲဆိုပြီး အထပ်ထပ်အခါခါ ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်မေးမိတယ်..
အဲဒီလိုအခါမျိုးတွေမှာတော့ လောကကြီးမှာ ကိုယ်တစ်ယောက်ထဲရှိနေသလိုလိုနဲ့ စိတ်ထဲမှာ ခိုကိုးရာမဲ့သွားတတ်သေးတယ်…
ကျွန်တော်ရဲ့ ဒီ အတွေးမျိုးလေးဟာ ဒီဝထ္တုတိုလေးက ကောင်မလေးတွေးသလို အတွေးမျိုးလေးနဲ့ ထပ်တူကျနေသလိုလို….
ကောင်းတယ် ညီမရေ….
ခင်မင်လျှက်
အချစ်မဲ့ဂစ်တာ
October 5th, 2009 at 11:48 am
>မမဝါ … ရတယ်မမ။ အရင်မလိုပါဘူး။ အေးဆေးမှပို့ပါ.
>နေ့အိပ်မက် … ဟုတ်တယ်ညီမရေ..။တွေးဖြစ်နေတာလေးတွေ ချရေးဖြစ်လိုက်တာပေါ့..
ကြောက်တယ်မှတ်လား.. ဟွန်း ဟွန်း.
>မမမီ … ဟိုဟိုဒီဒီတွေးမိအောင် လုပ်မိလို့ တောင်းပန်ပါတယ်မမရေ။ နှလုံးရောဂါရတဲ့လူတွေက သူများထက်ပိုပြီး တွေးတတ် စိုးရိမ်ပူပန်တတ်လို့ ဖြစ်ကြတာများလားပဲ..
>ကိုဝေထွန်း … ကျေးဇူးအစ်ကို။ တစ်ခါတစ်လေမှာ စာရေးတဲ့လူ သတိမထားမိတဲ့အချက်ကို စာဖတ်တဲ့လူတွေက မြင်တတ်သွားတယ်။ အမှန်ပြောရရင် ဆန်ကုန်မြေလေးဆိုတဲ့ စကားလုံးအပေါ်ကို ပြန်ပြီးရှင်းချက်ထုတ်ထားတာမဟုတ်ပါဘူး။ ပြောချင်တာကို ပြောတတ်သလို ပြောလိုက်ရုံပါ။ ကွန်မန့်အတွက် ကျေးဇူး။
>ကိုအချစ်မဲ့ဂစ်တာ .. သိပ်ဟုတ်တာပေါ့အစ်ကိုရေ ။ ငါက ဘာလဲလို့ တွေးမိလိုက်တဲ့အချိန်မှာ ပတ်ဝန်းကျင်ကလူတွေ အားလုံးက ကိုယ်နဲ့မဆိုင်သလို ကိုယ်တစ်ယောက်တည်း အထီးကျန်နေသလို အဲဒီလိုကြီးကို ခံစားရတယ်။
(ဝတ္ထုထဲက ကောင်မလေး ပြန်ပြောတာကို ထပ်ဆင့်ပြန်ပြောခြင်း.
)
October 5th, 2009 at 7:29 pm
ဖတ်ပီး ငိုသွားပါတယ် ခင်ဗျ
October 14th, 2009 at 3:38 pm
သပ်ရပ်လှပတဲ့ အရေးအသားနဲ့ ဖတ်တဲ့သူကို အစကနေ အဆုံးဆွဲခေါ်သွားတယ် ညီမလေးရေ… ဇာတ်လမ်းထဲက ကောင်လေးနဲ့ ကောင်မလေးက ရိုးရိုးလေးနဲ့ကို ဆွဲဆောင်မှုရှိနေတာ…
October 24th, 2009 at 7:13 pm
ဝတ္တုတို၊ အက်ဆေးရှားပါးချိန်မှာ အခုလိုပိုစ့်လေးတွေအတွက် သင့်ခရု။
October 27th, 2009 at 12:26 pm
လူပိုလား ဆိုတဲ့ အတွေး ကျနော်လည်း ခဏခဏတွေးမိတယ်..
ဇာတ်လမ်းလေး ရိုးပေမယ့်အရေးလေးကောင်းတယ်ဗျ..
နောက်လည်း လာမယ်ဗျာ နော်…