အပြောင်းအလဲလေးတွေ နည်းနည်းဖြစ်နေလို့ ဘလော့နဲ့ ကင်းကွာနေတာ တော်တော်လေးကို ကြာသွားပါတယ်။ ညီမ နေ့အိပ်မက် တဂ်ထားတဲ့ ကိုယ်ယုံကြည်ရာ ဆိုတဲ့ ခေါင်းစဉ်ကိုလဲ ရေးမယ်ဆိုပြီး စထားတာ တစ်ကြောင်းကြီးများတောင် ပြီးသွားပါပြီ။ တဂ်ပို့စ်ကို ဒီလောက်အကြာကြီး အချိန်ဆွဲဖူးသလားလို့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တော့လည်း ဒီတစ်ခါ ပထမဆုံးပါတဲ့။
။ စာမရေးရတာကြာတော့လည်း စာရေးချင်စိတ်ရှိနေတာတောင်မှ ဘာရေးရမှန်းမသိဖြစ်နေတယ်။ ဝတ္ထုရေးဖို့စထားတာတွေ ကဗျာတွေ.. အကုန်လုံးကို ခဏချောင်ထိုးပြီးတော့ ပေါ့ပေါ့ပါးပါး စိတ်ထဲရှိတာရေးတဲ့ ပို့စ်တစ်ပုဒ်လောက်တော့ ရေးချင်တယ်။ ဘာမှ မဟုတ်တဲ့အတွက် အချိန်ကုန်မခံချင်ရင်တော့ ဆက်မဖတ်ကြရအောင်လို့ ကြိုတောင်းပန်ထားတာပါ..
အလုပ်ထဲမှာ နေ့စဉ်တွေ့နေရတဲ့ လူတွေအကြောင်း နည်းနည်းပါးပါးပေါ့။ လူတွေဆိုတာမှာလည်း မိန်းမတွေ ယောကျာ်းတွေ အဘိုးတွေ အဘွားတွေ ကြီးဒေါ်တွေ အဒေါ်တွေ ဦးလေးတွေ ဘကြီးတွေ အစ်ကိုတွေ အစ်မတွေအကြောင်း မဟုတ်ပါဘူး။ ကလေးငယ်လေးတွေအကြောင်းပါ။ ကလေးတွေရဲ့ စရိုက်တွေ သဘာဝတွေကို သေသေချာချာ မသိပေမယ့် နေ့စဉ်လိုလိုတွေ့နေရတဲ့ ကလေးတွေကတော့ အပြစ်ကင်းတဲ့ပုံလေးတွေနဲ့ သိပ်ကို ချစ်ဖို့ကောင်းနေပါတယ်။ အလိုမကျရင် ငိုမယ်။ မမြင်ဖူးတာ မကြားဖူးတာတွေတွေ့ရလို့ သိပ်ကို ပျော်နေမယ်။ တစ်ခါတစ်လေတော့လည်း ကလေးအတွေးနဲ့ လုပ်ချင်တာ လျှောက်လုပ်မိလို့ မိဘတွေ လူကြီးတွေရဲ့ အဆူခံထိလို့ ငြိမ်ကုပ်သွားတဲ့ မျက်နှာလေးတွေ… ဘာတွေပဲဖြစ်ဖြစ် သိပ်ကို အပြစ်ကင်းပြီး ချစ်ဖို့ကောင်းနေတာပဲ။ လူကြီးတွေရဲ့ အတ္တတွေ မာနတွေနဲ့ ပူလောင်နေတဲ့ မျက်နှာတွေ လိုက်ကြည့်နေမယ့်အစား ကလေးတွေကိုပဲ အချိန်ကုန်ခံပြီး လိုက်ကြည့်နေမိတယ်။ ချစ်ဖို့အကောင်းဆုံး အရွယ်လေးတွေက လမ်းလျှောက်တတ်ခါစ အရွယ်လေးတွေပဲ။ မလျှောက်တတ်လျှောက်တတ် ဟိုယိမ်း ဒီထိုးနဲ့ လျှောက်ပြေးနေတဲ့ပုံစံက ပြုံးချင်စရာ။ တစ်ခါတစ်လေတော့လည်း လူကြီးတွေ လုပ်သမျှ လိုက်လုပ်ချင်တတ်ကြပြန်ရော။ လူကြီးတွေ စကားဝိုင်းမှာလည်း သူတို့က ပါချင်သေးတာ။ ဟိုလူ့မျက်နှာ မော့ကြည့် ဒီလူ့မျက်နှာမော့ကြည့်နဲ့ သူ့များ အဖက်မလုပ်လို့ရှိရင်ဖြင့် ငိုသံလေးနဲ့ ဆန္ဒပြသေးတာ။
ကိုယ်တိုင်ရော ငယ်ငယ်က ဘယ်လိုများနေခဲ့ပါလိမ့်။ လမ်းတစ်လှမ်းလျှောက်နိုင်တိုင်း လူကြီးတွေနဲ့ရင်ဘောင်တန်းနိုင်ပြီလို့များ ထင်နေခဲ့မိသလား မသိဘူး။ ခုတော့ လမ်းလျှောက်ရုံမက အပြေးလေးသွားနေရတာတောင်မှ ရင်ဘောင်မတန်းနိုင်ဘဲ နောက်မှာကျန်ခဲ့ပေါင်းများပြီ။ အင်းလေ ဒါကြောင့်လဲ လူကြီးလို့ ခေါ်ကြတာကိုး……
P.S : စိတ်ကူးပေါက်ရာရေးပါသည်။ ပို့စ်တစ်ပုဒ်ဖြစ်လျှင် ပြီးရော ဆိုသည့် သဘောထက် စိတ်ထဲရှိသမျှ ရေးဖြစ်ချင်သည့်သဘောက ပိုပါကြောင်း…။ ခေါင်းစဉ်ကတော့ ငယ်ငယ်က ရွတ်တဲ့ ကဗျာလေးကို သဘောကျလို့ အဲဒါကိုပဲ တပ်လိုက်တယ်။ လူကြီးဖြစ်မှပဲ ကလေးတုန်းက သင်ခဲ့ရတာတွေက အဓိပ္ပာယ် သိပ်ရှိမှန်း သိလာရတယ်။





November 25th, 2009 at 4:04 pm
မဝေလေးတောင် လူကြီးဖြစ်ပြီ ပဲ
စသွားတာပါဗျာ ပျော်ရွှင်ပါစေ ညီမငယ်
November 25th, 2009 at 4:35 pm
>>ကိုရွာသား…. ဟာ.. စာရေးတာမှားသွားတာ. အနော် ကလေးပဲရှိသေးတာ..
November 27th, 2009 at 1:55 am
ဝ ဝေလေးငယ် ချစ်စဖွယ်း)
ကလေးလေးလို အပြစ်ကင်းစင်တဲ့ နှလုံးသားနဲ့ လူကြီးလေးလို အေးဆေးတဲ့ ညီမလေးက အစ်မအတွက်တော့ တကယ့်ကို ချစ်စရာလေးပါ။ ဟုတ်တယ် ညီမလေးရေ… အသက်ကြီးလာလေ ကလေးဘဝက ဖြူစင်ငြိမ်းချမ်းမှုတွေက သူ့အလိုလို ကွာကျသွားလေပဲ… အဲဒါကိုပဲ တခြားကောင်းတဲ့အရာ တစ်ခုခုနဲ့ အစားထိုးနိုင်အောင် ကြိုးစားရမှာပါပဲ…
November 27th, 2009 at 2:10 pm
အပြစ်မရှိသေးတဲ့ ကလေးလေး ဘ၀ကို တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်..
လွမ်းမိုး သီချင်းလေးတော့ ညည်းမိတယ်.. ပို့စ်လေးဖတ်ရင်းနဲ့…….
December 1st, 2009 at 11:23 am
တူတူပဲ ငယ်ငယ်က အကြောင်းစဉ်းစားမိရင် ညရောက်မှာကိုတောင်ကြောက်လာတယ် ပျော်ရွှင်စရာတွေကို ညနဲ့အတူ ၀ါးမျိုးခံလိုက်ရလို့လေ ပြန်မရနိုင်တာကို တမ်းတ နေတဲ့သူဟာ ဂေါက်မကောင်းဘူးဆိုရင်တော့ အစ်ကိုက အရူးပဲဖြစ်လိုက်ချင်တယ်း)
December 2nd, 2009 at 7:40 pm
တမီးလည်း ကလေးတွေဆိုသိပ်ချစ်…. အမြွာလေးတွေ တွေ့ရင် ပိုတောင်ချစ်သေးတယ်.. ဟုတ်တယ်.. ငယ်ငယ်ကဆို လူကြီးတွေကို အဲလောက်အထင်ကြီးစရာ ကောင်းမှန်းမသိဘူး.. နောက်နည်းနည်းကြီးလာတော့ သြော် လူကြီးက လူကြီးပါပဲဆိုပြီး ဖြစ်သွားတာ.. လူပေါ်လည်း မူတည်သေးတာပေါ့နော်… အထင်ကြီးစရာမကောင်းတဲ့ လူကြီးတွေလည်း အပုံ.. .